မန္တလေး စက်တင်ဘာ ၂၇
(၆၁)နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသာအားဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၈)နာရီက မန္တလေးပြည်သူ့ဆေးရုံကြီး မန်းတောင်ရိပ်ကိုးထပ်ဆောင်တွင် ပြုလုပ်ကျင်းပသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် အရာရှိ/အခြားအဆင့် ရဲတပ်ဖွဲ့ဝင် (၁၂၇)ဦးက သွေးဖေါက်လှူဒါန်းကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး၊ သွေးလှူဘဏ်တာဝန်ခံဆရာဝန်ကြီး၊ ရောဂါဗေဒဌာနပါမောက္ခ ဌာနမှူး ဒေါက်တာနီလာဝင်း၊ သွေးလှူဘဏ်မှ ဒေါက်တာစုလှိုင်ဦးနှင့် ဆရာဝန်များ၊ သူနာပြုများက သွေးထုတ်ယူခြင်းများ ဆောင်ရွက်ပေးကြသည်။
သွေးလှူဒါန်းပွဲသို့ မန္တလေးတိုင်ဒေသကြီး ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ခေတ္တတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဟန်ထွန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု့အားပေးပြီး သွေးလှူဒါန်းကြသော အရာရှိ၊ အရာခံ ရဲတပ်ဖွဲ့ဝင်များအား အဟာရအားဖြည့်စာများ ပေးအပ်ကြသည်။ ထို့နောက် သွေးအိတ် (၁၂၇)အိတ်ကို ခေတ္တတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဟန်ထွန်းက ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်စံ(ပြန်/ဆက်)