မိုင်းဖြတ်မြို့နယ်၌ ကျေးရွာများသို့ မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသနွားနှင့်ဆိတ်များ (အခမဲ့) ဖြန့်ဖြူးပေးအပ် 

မိုင်းဖြတ် စက်တင်ဘာ ၂၇ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာခွင့်ပြုရန်ပုံငွေ၊ မွေးမြူရေးဘဏ်စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် မျိုးကောင်းမျိုးသန့် ဒေသနွားနှင့်ဆိတ်များ (အခမဲ့) ဖြန့်ဖြူးပေးအပ်ခြင်းကို စက်တင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းက ဆွပ်ပန်းကျေးရွာ၌လည်းကောင်း၊ ဟိုနားစောမွန်ကျေးရွာ၌ လည်းကောင်းပေးအပ်ခဲ့သည်။ ရှေးဦးစွာ မျိုးကောင်းမျိူသန့် ဒေသနွားမများ ဖြန့်ဖြူးပေးအပ်ပွဲကို ဆွပ်ပန်းကျေးရွာ၌ ကျင်းပရာ တာချီလိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက မွေးမြူရေးလုပ်ငန်းများကို စနစ်တကျလုပ်ကိုင်နိုင်ရေးနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တာချီလိတ်ခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာတင်ကိုကိုက မျိုးကောင်းမျိုးသန့်နွားမများ ဖြန့်ဖြူးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တောညုကျေးရွာအုပ်စု၊ ဆွပ်ပန်းကျေးရွာမှ တောင်သူ (၁၀) ဦးတို့အား ဒေသနွားမ (၁၀) ကောင်အတွက် စာချုပ်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် နမ့်လန်းကျေးရွာအုပ်စု၊ ဖားပေ့ကျေးရွာမှ ဆိတ်မွေးတောင်သူများကို ဒေသဆိတ် (၅၅) ကောင်အား လွှဲပြောင်းပေးအပ်ခဲ့ပြီး တောင်သူများထံ စာချုပ်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် ဆိတ်များကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)