မြစ်သား စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကံဆည်ကျေးရွာအုပ်စုအနီးရှိ ကင်းတားရေလှောင်တမံအား စက်တင်ဘာ ၂၇ ရက်နေ့ နံနက် (၆) နာရီအချိန် တိုင်းထွာချက်အရ လက်ရှိရေပမာဏ ၈၂၁၃၂၀ ဧကပေရှိပြီး ရေအမှတ် (အမြင့်ပေ) ၆၇၅.၃၆ ပေရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်ရှိ ကင်းတားရေလှောင်တမံ၏ ရေသိုလှောင်နိုင်မှုပမာဏမှာ ၈၇၃၅၈၀ ဧကပေဖြစ်ပြီး ရေထပ်မံသိုလှောင်နိုင်မည့် ဧကပေ ၈၂၂၆၀ ဧကပေကျန် ရှိကာ ဆည်ကန်ရေပြည့်အမှတ် (အမြင့်ပေ) ၆၈၀ ပေ ဖြစ်၍ ကင်းတားရေလှောင်တမံအတွင်း ရေထပ်မံသို လှောင်နိုင်မှုရေအမှတ် (အမြင့်ပေ) ၄.၆၄ပေ ကျန်ရှိနေကြောင်း သိရသည်။ မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြီး ကင်းတားရေလှောင်တမံအတွင်းသို့ ရေအများပြား ဝင်ရောက်လာနိုင်ကာ ကန်တွင်းသို့ လှောင်ရေကြိုတင်လျော့ချရန် လိုအပ်သည့်အတွက် ရေပိုလွှဲရေ တံခါး ၂ ပေါက်အား ၁.၅ ပေစီဖွင့်ပေးရာမှ ရေပိုလွှဲရေ တံခါး ၄ ပေါက်အား ၁ ပေစီ ပြောင်းလည်းဖွင့်လှစ်ထားကြောင်း သိရသည်။
မြစ်သားမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ)နှင့် ဝန်ထမ်းများက ကင်းတားဆည်တမံကြံခိုင်မှုအခြေအနေ၊ ပန်းလောင်မြစ်ကြောင်းတစ်လျှောက် မိုးရွာသွန်းမှုအခြေအနေအရ ရေပိုလွှဲတံခါးများအား ထိန်းညှိဆောင်ရွက်ခြင်းနှင့် ကင်းတားဆည်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေများအား နေ့ညမပြတ် စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)