ပြည်ကြီးတံခွန် စက်တင်ဘာ၂၇
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၇ ရက်နေ့နံနက် ၁၀ နာရီက မဲစာရင်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
ရှေးဦးစွာ အစည်းအဝေးတွင် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရန်၊ မြေပြင်ရှိ မဲပေးရမည့် လူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရန်၊ စက်တင်ဘာ ၂၉ ရက်နေ့တွင် မဲစာရင်း၊ လူဦးရေစာရင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြောငြာဘုတ်များ ကပ်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းစိုးနိုင်၊ မြို့နယ်လဝကဦးစီးမှူး ဦးအောင်သွင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်ဥက္ကဋ္ဌ ဦးဝင်းထွန်းကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဇေယျာသန်းတို့က မဲစာရင်းများနှင့်ပက်သက်၍ ရှင်းလင်းမှာကြားခြင်း၊ မိမိတို့လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များနှင့်ပက်သက်၍ ရှင်းလင်းမှာကြား ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက အသီးသီး အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးသို့ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ခွဲဝင်များ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း (၁၈) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်