နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ပုဗ္ဗသီရိ စက်တင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အား Clean City၊ Green City ၊ Smart City ဖြစ်စေရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များတွင် အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ စုပေါင်းရုံး၌ ဌာနဆိုင်ရာများနှင့်ပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်နေမှုအား နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ကြည့်ရှုအားပေးသည်။

ထိုသို့ စုပေါင်းသန့်ရှင်းဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် ဇေယျာသီရိခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်ကော်မတီဝင်များ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများ စုပေါင်း၍ စုပေါင်းရုံးအတွင်းအပြင်ရှိ မြက်ပင်များ၊ သစ်ပင်ကြီးများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ဖြတ်စက်များဖြင့် ရှင်းလင်းဆောင်ရွက်ခြင်း၊ ရေစီး၊ ရေလာကောင်းမွန်စေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် ဆီကုန်သည်များအသင်းတို့၏ လမ်းညွှန်မှုဖြင့် နေပြည်တော်ဆန်စပါး ကုန်သည်များအသင်းနှင့် ဆီကုန်သည်များအသင်းတို့က သန့်ရှင်း‌ရေး လာရောက်ဆောင်ရွက်သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဆန်နှင့်ဆီတို့အား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း  သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)