ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာတာဝန်ရှိသူများ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်သာနှင့် အတွင်းရေးမှူး ဦးစီးအရာရှိ ဦးနိုင်လင်းကိုကိုတို့က ဆွေးနွေးပြောကြားရာတွင် မဲဆန္ဒရှင်စာရင်းများကို လာမည့်ရက်ပိုင်းအတွင်း မြို့နယ်အတွင်းရှိ ရပ်ကွက် (၉)ရပ်ကွက်အလိုက် ကပ်ထားကြေညာတော့ မည်ဖြစ်ကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအနေဖြင့် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် မိမိတို့သတ်မှတ်ထားသည့်အဖွဲ့လိုက် တာဝန်ကျရာရပ်ကွက်များတွင် ကြီးကြပ်ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ရေး၊ မြို့နယ်အတွင်း ကြိုတင်မဲပေးနိုင်ရေး ကိစ္စရပ်များ၊ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမည့်အချိန်နှင့် ရပ်ကွက်အလိုက် ကြီးကြပ်ဆောင်ရွက်သွားမည့် အစီအစဥ်တို့အား ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား ဆွေးနွေးပြောကြားကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)