နေပြည်တော် စက်တင်ဘာ ၂၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် စက်တင်ဘာ ၂၅ ရက်နေ့က နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဟိုတယ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုတယ်များတည်ဆောက်ပြုပြင်ရေးနှင့် ဟိုတယ်ဇုန်ဧရိယာစိမ်းလန်းစိုပြေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ဦးစွာ နေပြည်တော်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်၏မြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းဘေးဝဲယာတစ်လျှောက် သပ်ရပ်သန့်ရှင်းသာယာလှပပြီး ပန်းမျိုးစုံ ဝေဆာဖူးပွင့်နေစေရန် ရာသီအလိုက် ဖူးပွင့်သောပန်းများ စိုက်ပျိုးဆောင်ရွက်သွားကြရန်၊ ဟိုတယ်များရဲ့ အခန်းကဏ္ဍသည် အရေးကြီးသည့် အဓိကအစိတ်အပိုင်းအနေဖြင့် ပါဝင်နေပြီး ဟိုတယ်ဇုန်များသည် မြို့အဝင် ဥပစာနေရာများဖြစ်သည့်အတွက် သန့်ရှင်းသပ်ရပ်ပြီး နိုင်ငံတကာအဆင့်မီသည့် ဥပဓိရုပ်အသွင်အပြင် ရှိနေစေရန်လိုအပ်ကြောင်း၊ ဟိုတယ်များ၏ မျက်နှာစာ၊ ဟိုတယ်အတွင်း၊ အပြင် ရေမြောင်းများ အမှိုက်ပိတ်ဆို့မှုမရှိစေရေးနှင့် မြေယာရှုခင်းများ ဝေဝေဆာဆာ ဖူးပွင့်နေစေရန်လည်း ဆောင်ရွက်ထားရှိရမှာဖြစ်ကြောင်း၊
နေပြည်တော်အတွင်း အမှိုက်ကင်းစင်စေရေးနှင့် စံပြမြို့တော် Clean City၊ Green City၊ Smart Cityဖြစ်စေရေး အမှိုက်များခွဲခြားစွန့်ပစ်ရန် လိုအပ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန်နှင့် ငလျင်ဒဏ်ကြောင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် မိမိတို့၏မူလရည်မှန်းချက်များ မပျောက်ပျက်စေရန်အတွက် နည်းလမ်းမျိုးစုံရှာပြီး အမြန်ဆုံးပြုပြင်ဆောင်ရွက်ကာ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးစားရမှာဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာကျောင်းတိုက်နှင့် ပျဉ်းမနားမြို့နယ်၊ အုန်းတောကျောင်းတိုက်တို့၌ ကျင်းပသည့် နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၏ စုပေါင်းလှူဒါန်းမှုဖြင့် နေပြည်တော်အတွင်းရှိ ဆွမ်းလောင်းအသင်းများအား ဆန်၊ ဆီ၊ ပဲ လောင်းလှူဒါန်းပွဲ အခမ်းအနားကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိစက္ခဏ မဟာထေရ်မြတ်နှင့် မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိစာသင်တိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိဿ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်တော်၊ လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီးများထံမှ အနုမောဒနာတရားတော်မြတ်ကို နာယူကြည်ညိုပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)