တာမွေမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ် ဆောင်ရွက်

တာမွေ  စက်တင်ဘာ  ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ကျဌာနဆိုင်ရာများ ပူးပေါင်း၍ ရန်ကုန်မြို့ တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်ရှိ အရိုးကုန်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာမွေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးအောင်က ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ မိတ်ဆက်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦး‌သော်ကအောင်မှ တက်ရောက်လာကြသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြာခဲ့ပြီး တက်ရောက်လာကြသော မဲဆန္ဒရှင်ပြည်သူများမှ  မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)