သာကေတမြို့နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကျင်းပမည့်နေရာအား     လူမှုရေးရာဝန်ကြီးမှ ကွင်းဆင်းကြည့်ရှု

သာကေတ စက်တင်ဘာလ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၇/အနောက်ရပ်ကွက်၊ ၇/ဈေးလမ်းရှိ အမှတ်(၂)အခြေခံပညာ၊ စက်မှု၊ စိုက်ပျိုးမွေးမြူးရေးအထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပွဲတော်ကျင်းပပြုလုပ်ရန်အတွက် ပြင်ဆင်နေမှုအခြေအနေများအား ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် အဖွဲ့မှ ယမန်နေ့နံနက် (၁၁)နာရီအချိန်က မြေပြင်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြပွဲ၊ ပြခန်းများ၊ ဂိမ်းကစားပြိုင်ပွဲ ကျင်းပမည့်နေရာ၊ ဉာဏပြိုင်းပွဲများ ကျင်းပမည့်အခန်းများ၊ ကျောင်းသား၊ ကျောင်းသူများ နားနေဆောင်များ၊ လျှောက်လမ်းများ၊ (၃)ထပ်ဆောင် အဆောက်အဦရှေ့ မြေနေရာအား မြေညှိခြင်း၊ မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည်များမှာကြားခဲ့ပြီး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါကွင်းဆင်းရာနေရာသို့ ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင် ဦးညွန့်ဝေ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ အ.ထ.က(၂)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများမှ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိရွှေစင်လတ်(သာကေတ)