မောက်မယ် စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး HPV နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး DT အပိုဆောင်းထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီက စတင်ပြီး အခြေခံပညာကျောင်းများတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြမြသန်း၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာတာဝန်ကျ သားဖွားဆရာမများ၊ သူနာပြုဆရာမများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာမများက အမည်စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးကြပြီး အသက် (၅)နှစ် KG ကျောင်းသား၊ ကျောင်းသူများအား DT ဆုံဆို့မေးခိုင်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်း၊ အသက် (၉)နှစ်မှ (၁၀)နှစ်အတွင်း ကျောင်းသူများကို HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများကို တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်အတွင်း ရပ်ကွက်များရှိ အခြေခံပညာကျောင်းများ (၇)ကျောင်းတွင် HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအား ကျောင်းသူ (၅၅)ဦး၊ D Tဆုံဆို့မေးခိုင်ကာကွယ်ဆေးအား ကျောင်းသား၊ ကျောင်းသူ (၁၀၈)ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဆရာမများထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)