ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း လှိုင်သာယာ(ရှေ့ပိုင်း)မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန် - ပုသိမ်းလမ်းဖြတ် သောင်ကြားချောင်းတံတား တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ ရန်ကုန် - ပုသိမ်လမ်းတစ်လျှောက် ‌ရေစီးရေလာကောင်းမွန်ရေးအတွက် နဝဒေးဥယျာဉ်အိမ်ရာရှေ့တွင် စက်ယန္တရားများဖြင့် အမှိုက်များနှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှုနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအား အချိန်တိုအတွင်းပြီးစီးရေးနှင့် သတ်မှတ်ကာလ အတွင်း စံချိန်စံညွှန်း ကိုက်ညီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန်စသည်တို့ကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ရန်ကုန်မြို့၊ အင်းယားလိပ်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Centre (YCC)၌ ကျင်းပသည့် ASIAN EXPO YANGON 2025 ကုန်စည်ပြပွဲသို့ ရောက်ရှိရာ ပြပွဲတွင် Top Asian Brands Zone ၊ Food & Beverage Zone ၊ Fashion & Lifestyle Zone ၊ Health & Beauty Zone ၊Household Product Zone၊ Innovation Zone စသည်ဖြင့် ခွဲခြားထားပြီး မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ လာအို စသည့်နိုင်ငံများမှ စားသောက်ကုန်များ၊ အဝတ်အထည်များ၊ လျှပ်စစ်ပစ္စည်များ၊ လူသုံးကုန်ပစ္စည်းအမျိုးအစားအစုံနှင့်အလှကုန်ပစ္စည်များ၊ မော်တော်ယဉ်အမျိုးမျိုး၊ EV ကားများနှင့် သုံးဘီးယာဉ်များစသည်တို့ကို ကြည့်ရှုအားပေး ခဲ့သည်။

အဆိုပါ ASIAN EXPO YANGON 2025 ကုန်စည်ပြပွဲကို စက်တင်ဘာလ (၂၆) ရက်နေ့မှ စက်တင်ဘာလ (၂၈) ရက်နေ့အထိ ပြခန်းစုစုပေါင်း (၂၀၇) ခန်းတို့ကို နေ့စဉ်နံနက် ၉ နာရီမှ ညနေ (၅) နာရီအထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)