အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း မော်လမြိုင်မြို့နယ်အတွင်းရှိ အားကစားကွင်း၊ အားကစားရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

မော်လမြိုင် စက်တင်ဘာ ၂၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားဥယျာဉ်စီမံကိန်းတွင် ဆောက်လုပ်လျက်ရှိသော အားကစားရုံနှင့်ဘောလုံးကွင်း၊ အားကစားသမားအိပ်ဆောင်များ၊ စားရိပ်သာနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး အားကစားဥယျာဉ် လုံခြုံရေးကိစ္စရပ်များ၊ အားကစားခန်းမ အချိန်မီပြီးစီးနိုင်ရေးကိစ္စရပ်များ ဆွေးနွေးမှာကြားကာ၊ ကားရပ်နားရန် နေရာနှင့် ရေကူးကန်ဆောက်လုပ်ရန် လျာထားနေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)သို့ရောက်ရှိပြီး အားကစားသမားများ လေ့ကျင့်လျက်ရှိသည့် ဘောလုံးကွင်းနှင့် ပြေးလမ်း၊  အလေးမလေ့ကျင့်ရေးရုံ၊ ပိုက်ကျော်ခြင်းရုံ၊ လက်ဝှေ့အားကစားရုံနှင့် GYM အားကစားခန်းမတို့အား ကြည့်ရှုစစ်ဆေးကာ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံ့ဝန်ထမ်းများ လိုက်နာကျင့်သုံးရမည့် ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရေး၊ ဌာန၏ ရည်မှန်းချက်တာဝန်များ အောင်မြင်စေရေးတို့အတွက် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းကြရေး၊ သင်တန်းသား/သင်တန်းသူများ အရည်အသွေးပြည့်မီစွာဖြင့် နိုင်ငံ့လက်ရွေးစင် ထူးချွန်အားကစားသမားများ ပေါ်ထွန်းအောင် လေ့ကျင့်ပြုစုပျိုးထောင်ရေးကိစ္စများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ ရာမညအားကစားကွင်းနှင့် အားကစားခန်းမတို့အားလည်းကောင်း၊ ကျောင်းသားအားကစားကွင်းအားလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက ဆောင်ရွက်ထားသည့် အခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့ပြီး ဒုတိယဝန်ကြီးက အားကစားကွင်း/ အားကစားရုံများတွင် အားကစားပစ္စည်းများ စနစ်တကျထိန်းသိမ်းထားရှိစေရေး၊ အဆောက်အဦများ ရေရှည်တည်တံ့စေရေးတို့ကိုမှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရာမညအားကစားကွင်း အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် လိုအပ်မှုများရှိပါက တင်ပြကြရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ တာဝန်အပေါ် စေတနာထပ်ပေါင်းပြီး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြစေရေးပြောကြားပြီး၊ ညွှန်ကြားရေးမှူးက ၂၀၂၅ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

စည်သူ (ပြန်/ဆက်)