မက်မန်းမြို့တွင် RSV အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မက်မန်း စက်တင်ဘာ ၂၆

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် RSV အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ ကွန်ဟောင်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မက်မန်းမြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးမှူး ဦးမင်းမင်းစိုးက RSV ရောဂါသည် အလွယ်တကူကူးစက်နိုင်သော ဗိုင်းရပ်စ်ဖြစ်ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်များတွင် အများဆုံးဖြစ်တတ်ပြီး RSV ရောဂါကူးစက်ခံရပါက ပြင်းထန်သောနောက်ဆက်တွဲ ပြဿနာများအကြောင်း ဟောပြောပြီး အမျိုးသမီးရေးရာကျန်းမာရေးဆရာမ ဒေါ်သီတာချမ်းအေးက RSV ကူးစက်ခြင်း၏ လက္ခဏာများအကြောင်းနှင့် RSV ရောဂါကူးစက်မှုခံရပါက ဆေးရုံဆေးခန်းများသို့ အမြန်ဆုံးဆေးကုသမှုခံယူစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကွန်ဟောင်းကျေးရွာမှ အသက် ၅ နှစ်အောက် ကလေးငယ်များအား သံချဆေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။

အေဇ‌က်ထွန်း(မက်မန်း)