မြစ်ကြီးနား စက်တင်ဘာ ၂၆
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်) အားကစား နှင့် ဘိလိယက်နှင့်စနူကာပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ်လက်ရွေးစင် အေးရိုးဗစ်အသင်းနှင့် ဘိလိယက်နှင့်စနူကာအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း တက်ရောက်သည်။
အခမ်းအနားတွင် ကချင်ပြည်နယ် လက်ရွေးစင်အေးရိုးဗစ်အသင်းနှင့် ဘိလိယက်နှင့်စနူကာ အသင်းတို့မှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက တစ်ဦးချင်းဂါရဝပြုမိတ်ဆက်ခြင်းများဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လူမူရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ဒီကနေ့ အောင်နိုင်ရေးအလံ ပေးအပ်လိုက်ခြင်းဟာ သာမန်အလံတစ်ခုအဖြစ် မသတ်မှတ်ဘဲ ပြည်နယ်တစ်ခုလုံး၏ မျှော်လင့်ချက်နှင့် ယုံကြည်အားထားမှုကို ကိုယ်စားပြုနေကြောင်း သိရှိထားကြရမှာဖြစ်ပါကြောင်း၊ ဒါကြောင့် အားလုံးရဲ့ ထူးချွန်တဲ့စွမ်းရည်၊ ကြိုးစားအားထုတ်မှုနဲ့ ဇွဲလုံးလတို့ဖြင့် ပြိုင်ပွဲတိုင်းမှာ ကချင်ပြည်နယ်ရဲ့ ဂုဏ်မြှင့်တင်နိုင်ရေးအတွက် ဂုဏ်သိက္ခာရှိရှိယှဉ်ပြိုင်၍ အောင်မြင်မှုရရှိအောင် ကြိုးစားယှဉ်ပြိုင်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးက ပြည်နယ်လက်ရွေးစင်အေရိုးဗစ်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် (၁၅)သိန်းကိုလည်းကောင်း၊ ဘိလိယက်နှင့်စနူကာအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် (၁၅) သိန်းကိုလည်းကောင်း ချီးမြှင့်ပေးအပ်ရာ လက်ရွေးစင်အသင်းများမှ နည်းပြများက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အောင်နိုင်ရေးအတွက် ကတိပြုစကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)