ဥတ္တရသီရိ စက်တင်ဘာ ၂၆
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ်အတွင်း မိုးသီးနှံအပြီး ဆောင်းသီးနှံရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ မိုးသီးနှံအပြီး ဆောင်းသီးနှံများကို ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး၊ မိုးသီးနှံရိတ်သိမ်းမှုအပေါ် လေလွင့်ဆုံးရှုံးမှုနည်းအောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးမြေများ စနစ်တကျပြုပြင်နိုင်ရေး၊ ပလပ်မြေမရှိအောင် စိုက်ပျိုးနိုင်ရေး၊ လယ်ယာမြေများ တန်ဖိုးထားလုပ်ကိုင်နိုင်ရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ စနစ်တကျအသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေးထွက်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး၊ တောင်သူတိုင်း သဘာဝမြေဩဇာများ ကိုယ်တိုင်ပြုလုပ်အသုံးပြုနိုင်ရေး၊ ဆန်ရေစပါးပေါများအောင် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရေး၊ တောင်သူများ သီးနှံစိုက်ပျိုးမှုအခက်အခဲများကို ဌာနဆိုင်ရာများ၊ ကုန်သည်ပွဲစားများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရေး၊ ပြည်ပစားသုံးဆီများ လျှော့ချသုံးစွဲနိုင်ရန် ဒေသအတွင်း မြေပဲ၊ နှမ်း၊ နေကြာစသည့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးနိုင်ရေး ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်ရန် လျာထားချက်များအား ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိရပ်ကွက်၊ မန္တလေးလမ်းနှင့် နေပြည်တော်-တပ်ကုန်းအမှတ်(၁)လမ်းဘေးရှိ စက်စက်ယိုချောင်း ရေစီးဆင်းမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဝင်က ရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် ရေစီးမြောင်းများ စနစ်တကျ တူးဖော်ရှင်းလင်းထားရှိရေး၊ Box Culvert များတွင် အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး၊ အမှိုက်များစနစ်တကျ စွန့်ပစ်စေရေးနှင့် ပန်းအလှပင်များ စိုက်ပျိုးထားရှိရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)