မင်္ဂလာဒုံမြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့(အကြို) ခွေးရူးရောဂါဆိုင်ရာအသိပညာပေးဟောပြော

မင်္ဂလာဒုံ စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကကြီးမှူး၍ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့်(၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မင်္ဂလာဒုံမြို့နယ် အ‌မှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှိ မြဧရာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အထက(၁) တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူခိုင်က အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာအောင်မြင့်ဟန်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒေါက်တာနီလာလတ်က ခွေးရူးရောဂါအကြောင်း သိကောင်းစရာများကို Video Clip ဖြင့် ရှင်းလင်းပြသအသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများကို ကျောင်းအုပ်ဆရာမကြီးထံ လှူဒါန်းပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၇၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း