မူဆယ်တွင် ပန်းခင်းစီမံချက် အဆင့်(၃)အဆက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ဆောင်ရွက်

မူဆယ် စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်(၃)အဆက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ဟိုမွန်ရပ်ကွက်၊ ကချင်စာပေယဉ်ကျေးမှုရုံး (မနောကွင်း)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကိန်မိုင်က အဖွင့်အမှာစကားပြီး၊ မူဆယ်မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က ပန်းခင်းစီမံချက်အဆင့်(၃)အဆက်ဖြင့်  ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး၊ ကချင်စာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးတန်ဂွန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

အဆိုပါစီမံချက်ကို ၁၂-၉-၂၀၂၅ ရက်နေ့မှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ယနေ့တွင် ပေးအပ်ပွဲ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်၊၊ ထိုသို့ဆောင်ရွက်ရာတွင် ပန်ဆိုင်း(ကြူကုတ်)မြို့၊ မုံးကိုးမြို့နှင့် မူဆယ်မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ စမတ်ကတ်နှင့် အိမ်ထောင်စုစာရင်းမွေးတိုး ဆောင်ရွက်ရန် လိုအပ်သည့် ပြည်သူများကို ဆောင်ရွက်ပေးခြင်းဖြစ်ကာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၉၇ ကတ်နှင့် စမတ်ကတ်များ၊ အိမ်ထောင်စုမွေးတိုးစာရင်း ၅၃၂ ဦးကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)