မြင်းခြံမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

မြင်းခြံ စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်ကြားပို့ချသည့် လူသုံးကုန်ထုတ်မှုနည်းပညာသင်တန်းကို စက်တင်ဘာ ၂၆ ရက်နေ့နံနက် (၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ကျွန်တော်တို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်းအပြင် ပြည်သူများ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ အောင်မြင်စွာ ပြုလုပ်နိုင်ရေးအတွက် အခမဲ့သင်တန်းများ ပို့ချပေးလျက်ရှိပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကတော့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ဒုတိယအကြိမ်မြောက် ပြုလုပ်တဲ့သင်တန်းဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုသင်တန်းများကိုလည်း ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်ဟု ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းက ပြောသည်။

အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ပန်ကန်းဆေးဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာဆီ၊ သဘာဝခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာခဲ/ မျက်နှာသစ်ဆပ်ပြာခဲ၊ ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်း စသည့်ပြုလုပ်နည်းများကို သင်တန်းသား/ သင်တန်းသူ (၂၀) ဦး တက်​ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကို (၅) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။                                      

ကျော်စွာ(မြင်းခြံ)