ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် တွေ့ဆုံ

လွိုင်လင် စက်တင်ဘာ ၂၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့သို့ ရောက်ရှိပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကျင်းပရာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုသော မဲပေးစက်များ၏ အားသာချက်များ၊ မဲရလဒ်များအား အချိန်တိုအတွင်း ရရှိနိုင်ခြင်း၊ မဲဆန္ဒရှင်များအနေဖြင့် လွယ်ကူစွာဆန္ဒမဲပေးနိုင်သည့်အတွက် ခိုင်မာမှုရှိကြောင်း၊ မဲပေးစက်များအသုံးပြုခြင်းဆိုင်ရာ သင်တန်းများပေး၍ လက်တွေ့အသုံးပြုတတ်ရန် လိုအပ်ကြောင်း၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးဆောင်ရွက်ရန်ကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးစုဝေးရေးနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးနှင့် သတင်းရယူခွင့်ပြုရေးဆိုင်ရာကိစ္စရပ်များ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေးနှင့် ကြိုတင်မဲပေးခြင်း၊ မဲရုံတွင်းမဲပေးခြင်းနှင့် ရွေးကောက်ပွဲရလဒ်များ စနစ်တကျထုတ်ပြန်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရေးနှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် မဲရုံမှုး၊ မဲရုံအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာနည်းပညာအထောက် အကူပြုအဖွဲ့ဝင်များကို စုဖွဲ့သင်တန်းပေးလေ့ကျင့်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်မျိုးဝင်းနှင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသိန်းနိုင်တို့မှ ပြည်နယ်၊ ခရိုင်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် ကြိုတင်ပြုလုပ်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ခရိုင်အတွင်း ရွေးကောက်ပွဲကျင်းပမည့် နေရာများအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ ဖြန့်ခွဲ၊ သယ်ဆောင်အသုံးပြုမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအောင်မြင်စွာ ပြီးမြောက်ရေးလုပ်ငန်းစဥ်များအား တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)