တာလေမြို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

တာလေ စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအရ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က နားအွန်ကျေးရွာရှိ ဆရာဦးကျားယော်အောက်မေ့ဖွယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တာချီလိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ထွေးဝင်းက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တာလေမြို့၊ ဗေသလကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့် အခြေခံလျှပ်စစ် သံဂဟေဆက်သင်တန်းမှ ထူးချွန်သင်တန်းသား(၅)ဦးအား တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံမှ လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခဲ့ပြီး တာလေမြို့၊ နားအွန်ကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့် အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်းမှ ထူးချွန်သင်တန်းသူ(၅)ဦးအား တာလေမြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့သည်။

ယင်းနောက် တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ထွေးဝင်းက သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် တာချီလိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ထူးချွန်သင်တန်းသား/သင်တန်းသူများအား ပေးအပ်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှု၍ သင်တန်းသား/သင်တန်းသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)