‎မဟာအောင်မြေမြို့နယ်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အချိန်မီပြီးစီးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မဟာအောင်မြေ  စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အချိန်မီပြီးစီးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်က အသက်(၁၈)နှစ်နှင့်အထက် မြေပြင်လူဦးရေစာရင်းကောက်ယူပြီးစီးမှုအခြေအနေများကို ရှင်းလင်း‌ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြေမြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးကောင်းမြတ်ကျော်က ပုံစံ၆၆/၆ လူဦးရေ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်က ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ရှင်းလင်းဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သက်ဆိုင်သည့်လုပ်ငန်းကဏ္ဍအလိုက် ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း