မဲစာရင်းမှန်ကန်ရေးစစ်ဆေးရာသို့ အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေး

အမရပူရ စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းတိကျမှန်ကန်စေရေး၊  အသက် (၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် စက်တင်ဘာ ၂၅ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်ကော်မရှင်ရုံး၌ မြို့နယ်လဝကဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများ၊ မြို့နယ်ကော်မရှင်မှ ဝန်ထမ်းများက မြေပြင်ရှိလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မဲစာရင်း၊ လူဦးရေမှန်ကန်ရေး စစ်ဆေးနေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်ဦးစီးမှူး ဒေါ်နန်းအေးအေးစိုးတို့က သွားရောက်ကြည့်ရှုခဲ့ပြီး လုပ်ငန်းများအဆင်ပြေစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။

ယခုစစ်ဆေးသော မဲစာရင်း၊ လူဦးရေစာရင်းများကို စက်တင်ဘာလကုန်ရက်တွင် ကြော်ငြာဘုတ်တွင် ကပ်သွားမည်ဖြစ်ကြောင်းနှင့် မိမိနာမည်စာရင်းပါမပါကို သွားရောက်ကြည့်ရှုနိုင်ကြောင်း မြို့နယ်လဝကဦးစီးမှူးဦး တင်ကိုကိုဝင်းထံမှ သိရသည်။

စိုးသီဟ(အမရ)