ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ရွာငံမြို့နယ်တွင်ကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်း‎နှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်

‎‎ပင်းတယ စက်တင်ဘာ ၂၆

‎‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ယကြီးကျေးရွာအုပ်စု၊ ပွေးပြတ်ကျေးရွာ ရွှေပွင့်လင်းဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းအခမ်းအနားနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် မကြာမီကာလအတွင်း တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား  ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည့်အခြေအနေများအား တက်ရောက်လာသည့် ‌မိဘပြည်သူများ သိရှိနားလည်စေရန်နှင့် အဆိုပါ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနိုင်ရေးအတွက် ရွာငံမြို့နယ်အတွင်းရှိမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင်ရာတာဝန်ရှိသူများကို သင်တန်းများဖွင့်လှစ်သင်ကြားပေးပြီးဖြစ်ပါကြောင်းနှင့် ဒေသနေမိဘပြည်သူများ သိရှိနားလည်စေရန်အတွက် မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းအခမ်းအနားကို ပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း စသည့်ဖြင့် ပြောကြားပေးခဲ့သည်။

ထို့နောက် ရွာငံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးမှ  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြပေးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရွာငံမြို့နယ်ရဲတပ်ဖွဲ့မှူးမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဟန့်တားဖျက်ဆီးခြင်းနှင့် ကာကွယ်ပေးရေးဥပဒေမှ သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားပေးသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် ယကြီးကျေးရွာ အုပ်စုနေဒေသခံပြည်သူ ကျေးရွာသား/ကျေးရွာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ယင်းနောက် တက်ရောက်လာသည် ယကြီးကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူကျေးရွာသူ/ကျေးရွာသားများက  မိမိတို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပြန်လည်ပေါင်းစပ်ညိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် မွန်းလွှဲပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပင်းတယမြို့တွင် ကျင်းပနေသည့် ဈေးရောင်းပွဲတော်တွင် ဓနုဒေသထွက် MSME ထုတ်ကုန်ပစ္စည်းများ အရောင်းပြခန်းဆိုင်များသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)