လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ

လားရှိုး စက်တင်ဘာ ၂၆           

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လာရှိုးခရိုင်ရုံးနှင့် စာဖတ်ဝါသနာပါသူများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယနေ့နံနက် (၈)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် ရှေးဦးစွာ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(တာဝန်ပေး) ဦးစိုင်းထွန်းနေလှိုင်က စာအုပ်တစ်အုပ်၏အပေါ်တွင် တစ်ဦးနှင့် တစ်ဦးမတူညီသည့် အတွေးအမြင်သစ်များ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတများကို တစ်ဦးနှင့်တစ်ဦးမျှဝေနိုင်ရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိကာ စာအုပ်စာပေကောင်းများ လေ့လာရှာမှီးတတ်စေရန်ရည်ရွယ်၍ စာဖတ်ဝါသနာပါသူများဖြင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာ‌ရေးတက္ကသိုလ်)၏ “‌မေတ္တာပေါင်းကူး မေတ္တာဥယျာဉ်မှူးများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပရာ တက်ရောက်လာသည့် စာဖတ်ဝါသနာပါသူ စုစုပေါင်း ၁၇ တို့က မိမိဖတ်ရှုလေ့လာထားသည့် ခေါင်းစဉ်အလိုက် အသီးသီးဆွေးနွေးခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး(တာဝန်ပေး) ဦးစိုင်းထွန်းနေလှိုင်က ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့‌ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)