မိုင်းခတ်မြို့နယ် အားခေဝမ်ကောင်းကျေးရွာ၌ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

မိုင်းခတ် စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် စစ်ဗျူဟာအဖွဲ့(အခြေချ)မိုင်းခတ်၊ စစ်ဗျူဟာမှူးဦးစီး၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သည့် နယ်လှည့်ဆေးကုသရေးအဖွဲ့သည် သွားလာရန်ခက်ခဲဝေးလံသော မိုင်းကာ‌ကျေးရွာအုပ်စု၊ အားခေဝမ်ကောင်းကျေးရွာတွင် ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကလေးငယ် (၄၀)ဦး၊ သက်ကြီးဘိုးဘွား (၁၁၇)ဦး၊ စု‌စုပေါင်း(၁၅၇)ဦးတို့ကို ကလေးရောဂါ၊ အရိုး၊ အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်းရောဂါနှင့် အထွေထွေရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကုသဆောင်ရွက်ပေးပြီး အသက်(၁၅)နှစ်အောက် က‌လေးများအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများ ထိုးပေးခဲ့သည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို စစ်ဗျူဟာအဖွဲ့(အခြေချ)မိုင်းခတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်အေးထွန်း၊ မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းလတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ကလေးငယ်များအား အာဟာရမုန့်ထုတ်များ ဝေငှခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)