တပ်ကုန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ပန်းချီ၊ ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲများ ကျင်းပ

တပ်ကုန်း စက်တင်ဘာ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Golden Future ကိုယ်ပိုင်မူလတန်းကျောင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ပန်းချီ၊ ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်သင်းသင်းလှိုင် စာရေးဆရာမ(သင်းသင်းလှိုင်-တပ်ကုန်း)၊ ဒေါ်ဌေးဌေးမြင့် စာရေးဆရာမ(ခင်လေး-ပြည်ထောင်စုနယ်မြေ)တို့က ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ပြီး ပန်းချီ၊ ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲများတွင် Golden Future ကိုယ်ပိုင်မူလတန်းကျောင်းမှ မူကြိုအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီးနောက် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးသီနိုင်နှင့် Golden Future ကိုယ်ပိုင်မူလတန်းကျောင်းတည်ထောင်သူ ဒေါ်ဆုစံဟိန်းနှင့် ဒိုင်များက ဆုတံဆိပ်နှင့် ဆုလက်ဆောင်များအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ မြို့နယ်အမျိုးအမီးရေးရာအဖွဲ့ဝင်များက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့် ပဲနို့နှင့် မုန့်များ ပေးအပ်လှူဒါန်းခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသားမိဘများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များ လေ့လာကြည့်ရှုကြောင်း သိရသည်။

တင်စိုးလွင်