ညောင်ရွှေ စက်တင်ဘာ ၂၆
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် ယမန်နေ့နံနက် ၇ နာရီတွင် အင်းလေးဒေသ ဟဲယာရွာမဌာန စံကျောင်းတော်မှ ငါးဖယ်ချောင်းကျေးရွာ စံကျောင်းတော်သို့ ဆက်လက်ကြွချီပူဇော်ခံလျက်ရှိကြောင်း သိရသည်။
ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များပင့်ဆောင်သည့် ကရဝိက်ဖောင်တော်ကို အင်းသားရိုးရာဆွဲလှေ ၆၅ စီးဖြင့် ပင့်ဆောင်ပူဇော်ခဲ့ပြီး ငါးဖယ်ချောင်းကျေးရွာ စံကျောင်းတော်တွင် ဆရာတော်၊ သံဃာတော်များ၊ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများက ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များကို ဆွမ်း၊ ရေချမ်း၊ ပန်း၊ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် ငါးဖယ်ချောင်းဌာနစံကျောင်းတော်တွင် တစ်ညတာကိန်းဝပ်ပူဇော်ခံပြီး ယနေ့နံနက် ၇ နာရီတွင် ကြေးစားကုန်းဌာန စံကျောင်းတော်သို့ ဆက်လက်ကြွချီပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ