မြောက်ဥက္ကလာပ စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁၂) အခြေခံပညာမူလတန်းကျောင်း၊ မြတ်ခရေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်(၁) ဗိုလ်မှူးဖြိုးဝေလင်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က "မူးယစ်ဆေးအန္တရာယ် ဒို့ကာကွယ်"ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (တာ၀န်ခံ) ဒုတိယဦးစီးမှူးဒေါ်သိင်္ဂီပြည့်ဖြိုးက အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဉာဏ်စမ်းပြိုင်ပွဲကိုကျင်းပပြုလုပ်ရာ အမှတ်(၁၂) အခြေခံပညာမူလတန်းကျောင်းရှိ Grade-5 အတန်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အလှည့်ကျပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် ဂိမ်းကစားနည်းပြိုင်ပွဲများ ဆက်လက်ကျင်းပရာ အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသူများကို တာ၀န်ရှိသူများက အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ယင်းနောက် အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ သုတရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လောဟာ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်(၁) ဗိုလ်မှူးဖြိုးဝေလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)