ပူတာအိုခရိုင်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ

ပူတာအို စက်တင်ဘာ ၂၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကျောင်းသားလူငယ်လူရွယ်များ စာဖတ်သည့် ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်/ထွက်သွားလာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားပြီး စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ခရိုင်အတွင်းနှစ်စဉ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဇာဇာတိုးက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲများထည့်သွင်းကျင်းပဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းပြောကြားပြီး အစည်းအဝေးတက်ရောက်လာသည့်  ခရိုင်ပညာရေးမှူးရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးမှ ကိုယ်စားလှယ် ဆရာ/မများ၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးများနှင့် ကိုယ်စားလှယ် တက်ရောက် လာသည့် ဆရာ/မများက ပြိုင်ပွဲများအောင် မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းအကြံပြုကြသည်။

အဆိုပါစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပြိုင်ပွဲအမျိုးအစားပေါင်း(၇)မျိုးနှင့် အားကစားပြိုင်ပွဲများ၊ ဆုချီးမြှင့်ပွဲ အခမ်းအနားများ ထည့်သွင်း ကျင်းပဆောင်ရွက်သွားမည့်အပြင် လူငယ်စကားဝိုင်းနှင့် ပြခန်းပြကွက်များ ခင်းကျင်းပြသနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)