ပေါင်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ပေါင် စက်တင်ဘာ ၂၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆွေးနွေးချက်ကို ယမန်နေ့နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်က ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနှင့်ပတ်သက်၍ ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ လူဦးရေစာရင်းမှန်ကန်မှုရှိစေရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ကော်မရှင်တို့ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပန်းခင်းစီမံချက်ပြုလုပ်၍ မဲပေးစနစ်မှန်ကန်မှုရှိစေရေး ဆောင်ရွက်သွားရန်၊ ဌာနဆိုင်ရာဝန်ထမ်းများ ကြားကာလတွေမှာ ရွေးကောက်ပွဲကော်မရှင်မှ ခေါ်ယူသွားမည်ဖြစ်ပါကြောင်း ကျန်းမာရေးဌာနအနေဖြင့် ဖွား၊သေ စာရင်းများကို စနစ်တကျ အပတ်စဉ်တိုင်း ပြုလုပ်ဆောင်ရွက်ပေးသွားရန်၊ သာသနာ့ဝန်ထမ်းတွေ၊ ပြည်တွင်းနေရပ်စွန့်ခွာပြည်သူတွေကို စာရင်းပြုစု၍ အချိန်မီတင်ပြနိုင်ရေး ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း မှာကြားဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဦးစီးမှူး ဦးသန်းဝင်းဇော်က မြေပြင်ကော်မတီအဆင့်ဆင့် လက်မှတ်ရေးထိုးထားသည့် အတည်ပြုလူဦးရေစာရင်းအား မြေပြင်တွင်နောက်ဆုံးအကြိမ် ရပ်/ကျေးအလိုက် စိစစ်မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး အတိုး/အလျော့စာရင်းအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်အပြီး စာရင်းပေးပို့ခြင်း၊ ပေးပို့ရာတွင် ရပ်/ကျေး ပြီးစီးသည့်အပိုင်းအလိုက် ပေးပို့စေ‌ခြင်း၊ ပေးပို့မှုမှတ်တမ်းအား ခရိုင်/ပြည်နယ်ကော်မတီသို့ပေးပို့ရန် မှာကြားဆွေးနွေးသည်။

 

မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ဂျူးနီတာဇော်က မဲစာရင်းမှန်ကန်စေရေးကို အလေးထားဆောင်ရွက်ပြီး ရက်ပေါင်း(၁၈၀)ပြည့်ပြီး နေထိုင်သူများအား ပုံစံ(၃)နှင့်လျှောက်လွှာတင်ပြီး မဲပေးနိုင်ပါကြောင်း မဲစာရင်းများမှန်ကန်မှုရှိ‌စေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ဖြင့်ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)