သထုံ စက်တင်ဘာ ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းကခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် လူထုအခြေပြု ဗဟိုဌာန၌ လစဉ်စာဖတ်ဝိုင်းများပြုလုပ်နေမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ် စာရေးဆရာများအသင်းဥက္ကဋ္ဌ စာရေးသူရွှေထုံခင်သီတာလှိုင်က စာပေရေးရာများကို ဆွေးနွေး ပြောကြားသည်။
ယင်းနောက် မြို့နယ်စာရေးဆရာများအသင်း အဖွဲ့ဝင်များ၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များက စာရေးသူ မောင်ပေါ်ထွန်း၏ “စွန့်စားမှအောင်မြင်မည်” စာအုပ်ကို အခန်းအလိုက်ဖတ်ရှုပြီး မှတ်သားဖွယ်ရာများ၊ ၎င်းတို့နှစ်သက်ရာများကို အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲသို့ သထုံမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာများအသင်းမှ စာပေပညာရှင်များ၊ ဝါသနာရှင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)