ကျောက်တန်းမြို့၌ အ.မ.က(သရက်ကုန်း) စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော

ကျောက်တန်း စက်တင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်(၉း ၀၀)နာရီက အ.မ.က(သရက်ကုန်း)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ပြသခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရှိစေရန်အတွက် ကောင်းမွန်သော စာပေများကို ဖတ်ရှုနိုင်ရန်၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်၊ စာပေများကို (အခမဲ့)လာရောက်ငှားရမ်း ကြရန်နှင့်စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတများရရှိစေသည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ ကဗျာရွတ်ဆိုခြင်းနှင့် ပုံပြင်ပြောခြင်းများ ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေး၀ါးများ၏ ဆိုးကျိုးအန္တရာယ်များ အသိပညာပေး နံရံကပ် စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေလင်းကျော်