မိုင်းကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး တွေဆုံဆွေးနွေး

မိုင်းကိုင် စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ မြို့နယ်ဥပဒေအရာရှိတို့က ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာမည့်အစီအစဉ်၊ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ခြင်းမရှိသေးသူများရှိက တောင်းဆိုလွှာပုံစံဖြင့် ပြန်လည်လျှောက်ထားနိုင်ရန်နှင့် ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများကိုလည်း သတ်မှတ်ကာလအတွင်း လျှောက်ထားတင်ပြနိုင်ခြင်၊ ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများနှင့် ကြိုတင်မဲလျှောက်ထားခွင့်ရှိသည့် ကာလအပိုင်းအခြား၊ ရွေးကောက်ပွဲကိုနှောင့်ယှက်လာမည့် အဖျက်အမှောင့်မှန်သမျှမရှိစေရေး ရွေးကောက်ပွဲဆိုင်ရာဥပဒေအကြောင်းအရာများကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)