နမ့်စန်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း-ခွဲ (လေတပ်)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

နမ့်စန်(တ) စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ဆောင်ရွက်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉နာရီခွဲက အမှတ်(၅)ကျေးရွာအုပ်စုရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း-ခွဲ (လေတပ်) တွင် ဆောင်ရွက်ခဲ့သည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဝင်းက ဟောပြောပွဲဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြော၍ ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဝင်းက လက်ခံရယူခဲ့သည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ အ.ထ.က-ခွဲ(လေတပ်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား ၁၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)