မိုင်းယောင်းမြို့၌ World Rabies Day အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ

မိုင်းယောင်း စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၁၉)ကြိမ်မြောက် World Rabies Day အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(မိုင်းယောင်း)၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်က ခွေးရူးပြန်ဗိုင်းရပ်စ်ပိုး (Rabies Virus)သည် ခွေးနှင့် လင်းနို့များမှတစ်ဆင့် လူကိုကူးစက်သည့် ရောဂါတစ်မျိုးဖြစ်ကြောင်း၊ ခွေးရူးကိုက်ခံရခြင်း၊ ကုတ်ခံရခြင်းမှ ရောဂါကူးစက်နိုင်ကြောင်း၊ ထို့ကြောင့် အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ခွေးရူးရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ကြောင်းများကို ပရိုဂျက်တာနှင့်တကွ အကျယ်တဝင့်ဟောပြောပြီး ခွေးရူးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၇၀ ဦး တက်ရောက်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း