ကလော စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရေချိုကျေးရွာအုပ်စု၊ ဇောတိကျေးရွာတွင် ၂ဝ၂၅-၂ဝ၂၆ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဒေသဆိတ်ထီး (၅)ကောင်၊ ဆိတ်မ (၅ဝ) ကောင် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဇောတိကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့ရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ကလောခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တိရစ္ဆာန်မွေးမြူမှုဖွံ့ဖြိုးတိုးတက်စေရန်၊ အသားကဏ္ဍထုတ်လုပ်မှု မြင့်မားလာစေရန်နှင့် ပြည်နယ်တွင်း အသားစားသုံးမှုဖူလုံစေရန် ဆောင်ရွက်ပေးလျက်ရှိရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် မျိုးကောင်းမျိုးသန့်တိရစ္ဆာန်များကို ပြည်နယ်အတွင်း ရွေးချယ်ထားသည့် မြို့နယ်အသီးသီးကို မွေးမြူရေးဘဏ်စနစ်နှင့် ဖြန့်ဝေပေးသွားမှာဖြစ်ပါပြီး ဒေသနွားပြာစိမ်း ဖြန့်ဖြူးပေးမှုအနေဖြင့် တစ်မြို့နယ်ကို (၁၀)ကောင်နှုန်းဖြင့် (၅)မြို့နယ်အတွက် ကောင်ရေ (၅၀)၊ ဒေသဝက်ဖြန့်ဖြူးပေးမှုအနေဖြင့် တစ်မြို့နယ်ကို (၅၀)ကောင်နှုန်းဖြင့် (၅)မြို့နယ်အတွက် ကောင်ရေ (၂၅၀)၊ ဒေသဆိတ်ဖြန့်ဖြူးမှုအနေဖြင့် တစ်မြို့နယ် ဒေသဆိတ် အမ (၅၀)ကောင်၊ အထီး (၅)ကောင်၊ ပေါင်း (၅၅)ကောင်နှုန်းနှင့် ကလောမြို့နယ်အပါ (၃)မြို့နယ်မှာ ကောင်ရေပေါင်း (၁၆၅)ကောင်ကို ဖြန့်ဖြူးပေးသွားမှာဖြစ်ပါကြောင်း၊ ယခုလို ဖြန့်ဖြူးပေးလိုက်သည့် မျိုးကောင်းမျိုးသန့်တိရစ္ဆာန်တွေကို ကောင်းမွန်ဖြစ်ထွန်းအောင် မွေးမြူနိုင်ရန် မွေးမြူသူတွေမှာ တာဝန်ရှိသကဲ့သို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့်လည်း မွေးမြူပုံနည်းစနစ် အထောက်အပံ့နည်းပညာများ ပံ့ပိုးပေးရန်လည်း လိုအပ်ပါကြောင်း၊ မွေးမြူသူများအနေဖြင့် ယခုရရှိမည့် ဆိတ်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မွေးမြူခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေလာစေရန်သာမကဘဲ အနာဂတ်တွင် အခြားကျေးရွာသားများအတွက် စံပြနမူနာကောင်းတစ်ရပ်ဖြစ်လာစေရေး အားထုတ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာဝင်းဇင်မောင်က ဆိတ်ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ရှမ်းပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဇောတိကျေးရွာနေပြည်သူများအတွက် ဒေသဆိတ်ထီး (၅)ကောင်၊ ဆိတ်မ(၅ဝ) ကောင်အား ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကျော်ဝင်း(ကလော)