ဥတ္တရသီရိ စက်တင်ဘာ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း သီးနှံများတစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ထွက်ရှိလာသော စိုက်ပျိုးသီးနှံထွက်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မောင်းရမ်းကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဦးမျိုးဇော်၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့သည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဦးမျိုးဇော်က နည်းပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ ပညာရှင်များမှ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်သော သီးနှံပုံစံများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေး၊ မြေဆီလွှာစီမံခန့်ခွဲရေး၊ သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲရေးနှင့် ဓာတ်မြေဩဇာများ အကျိုးရှိစွာ အသုံးပြုရေး၊ သီးနှံဖျက်ပိုးများအား ဘက်စုံကာကွယ်ရေး နည်းလမ်းများအသုံးပြု၍ ကာကွယ်နှိမ်နင်းရေး၊ ပိုးသတ်ဆေးများအား စနစ်တကျသုံးစွဲရေးတို့ကို နည်းပညာပေး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော တောင်သူများမှ သိရှိလိုသည့်မေးမြန်ချက်များအား တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)