မိုင်းရယ် စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဆိုင်မိန်းပရိယတ္တိစာသင်တိုက်၌ (ပထမ)အကြိမ် ဓမ္မဂုဏ် ရည်ရိပ်သာ ဝိပဿနာ ၁၀ ရက် တရားစခန်း ပြီးမြောက်သည့် အောင်ပွဲအဖြစ် ဆွမ်း ဆန် စိမ်းလောင်းလှူခြင်းကို ယနေ့နံနက် ၇ နာရီက အဆိုပါ ဆိုင်မိန်းကျောင်းတိုက်တွင် ပြုလုပ်သည်။
တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန္တ၊ (အဂ္ဂမဟာကမ္မနာစရိယ၊ တက္ကသီလ ဓမ္မာစရိယ M.A Buddhism, M.A Sri Lanka)ဆရာ တော်ဘုရားနှင့် မိုင်းရယ်မြို့၊ ဆိုင်မိန်း ပရိယတ္တိ စာသင်တိုက်၏ ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တဇာဂရ (မဟာသဒ္ဓမ္မဇောတိကဓဇ)၊ ရှမ်းပြည်နယ် သံဃနာယကဆရာတော်ဘုရားတို့ဦးဆောင်သည့် သံဃာတော်များ၊ စာသင်သား သာမဏေ ရှင်သူမြတ်တို့က သိမ်တော်အတွင်းမှ ထွက်၍ အလှူရှင် ဒါယကာ၊ ဒါယိကာမ အပေါင်းတို့က ဆွမ်း ဆန် စိမ်းတို့ကို သဒ္ဓါတရားထက်သန်စွာ လောင်းလှူခဲ့ကြသည်။
ထို့နောက် အလှူ့ရှင် ဒါယိကာ၊ ဒါယိကာမ ဧည့်ပရိသတ်အပေါင်းတို့က သံဃာတော် ရှင်သူမြတ်တို့ထံ ၈ ပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး သံဃာတော်ရှင်သူမြတ်တို့က လှူဒါန်းမှု အစုစုတို့အတွက် သာဓု အနုမောဒနာ ခေါ်၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
အဆိုပါ (ပထမ)အကြိမ် ဓမ္မဂုဏ်ရည်ရိပ်သာဝိပဿနာ ၁၀ ရက် တရားစခန်းကို စက်တင်ဘာ ၁၅ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး ယောဂီ ၇၀၉ ဦးတို့က ဝိပဿနာတရား ကျင့်ကြံအားထုတ်ခဲ့ကြကြောင်း သတင်းရရှိသည်။
မိုင်းရယ် (ပြန်/ဆက်)