ချမ်းအေးသာစံ စက်တင်ဘာ ၂၅
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာရုံးများ၊ အိမ်ရာများ၊ လူနေ အဆောက်အဦများ၊ လမ်းတံတားများ ထိခိုက်ပျက်စီး၊ လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်ပျက်စီးမှုများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှအိမ်အမျိုးအစားအလိုက်ဆောက်လုပ်ရေးသုံးပစ္စည်း များ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
ထိုသို့ ထောက်ပံ့ပေးသည့် သံချောင်းလုံး၊ သွပ်၊ အခြားသား၊ သစ်မာ၊ ဘိလပ်မြေ ဆောက်လုပ်ရေးသုံးပစ္စည်းများအနက် သံချောင်း လုံး ၄၈၆.၈၈ တန်သည် ရန်ကုန်မှ မန္တလေးမြို့ဟောင်းဘူတာသို့ ရထားကုန်တွဲများဖြင့် စက်တင်ဘာ ၂၄ ရက်နံနက်ပိုင်းက ပထမအကြိမ်ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းပန်းရေးရာဝန်ကြီးဦးအောင်ဇော်ဦး၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု စစ်ဆေးပြီး စနစ်တကျ နေရာချထားပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
“လူနေအိမ်ပျက်စီးမှုတွေအတွက် နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ဆောက်လုပ်ရေးသုံးပစ္စည်းတွေထဲက သံချောင်းလုံးတွေ ပထမအကြိမ် ရောက်လာတာပါ၊ ဆက်လက်ရောက်လာဦးမှာပါ၊ ကျန်တာတွေရောက်ရှိ ပြီးတဲ့အခါ ပြည်သူများလက်ဝယ်ရောက်ရှိစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့က စနစ်ကျစီမံခန့်ခွဲ၍ ထောက်ပံ့ပေးသွားမှာပါ”ဟု တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးရာတွင် အိမ်အမျိုးအစားအလိုက်၊ ပျက်စီးမှုအလိုက် (လုံးဝ ပျက်စီး၊ တစ်စိတ်တစ်ပိုင်းပျက်စီး) ခွဲခြားပြီး အိမ်တစ်လုံးချင်းစီ အတွက် သတ်မှတ်ထားသည့် ထောက်ပံ့နှုန်းထား၏ (၃)ပုံ(၁)ပုံကို ငွေသားဖြင့် လည်းကောင်း၊ ကျန်(၃)ပုံ (၂)ပုံကို အိမ်ဆောက်ပစ္စည်းများဖြင့်လည်းကောင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ငလျင်အလွန်ကာလ မန္တလေးတိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုအားဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်