လင်းခေး စက်တင်ဘာ ၂၅
လင်းခေးခရိုင်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက လင်းခေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပသွားနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းဆိုင်ရာများနှင့်စပ်လျဥ်းသည်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားပေးခဲ့ပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက တစ်ဦးချင်းအလိုက် မိတ်ဆက်ပေးခဲ့ကြသည်။
ဆက်လက်ပြီး လင်းခေးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးသက်ထွန်း ခရိုင်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပသွားနိုင်ရေးအတွက် လုပ်ငန်းကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခြင်းနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးတို့က အထွေထွေဆွေးနွေးတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အလားတူ ယင်းနေ့မွန်းလွဲပိုင်း၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံသည် တာဝန်ရှိသူများလိုက်ပါလျက် လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပသွားနိုင်ရေး လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းလမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)