နေပြည်တော် စက်တင်ဘာ ၂၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက် သစ်တောလမ်း၌ စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လမ်းမပေါ်ရေကျော်ကာ တင်ကျန်ခဲ့သည့် နုန်းမြေများ ဖယ်ရှားရှင်းလင်းနေမှုနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် အမှိုက်များပိတ်ဆို့မှုမရှိရေး စနစ်တကျရှင်းလင်းဖယ်ရှားရန်တို့ကို မှာကြားခဲ့သည်။
ယင်းနောက် ပုဗ္ဗသီရိမြို့နယ် အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်ခဲ့မှုကြောင့် ကျောင်းဝန်းအတွင်း နုန်းမြေများ သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊ ပုဗ္ဗသီရိမြို့ပတ်လမ်းသို့ရောက်ရှိပြီး မိုးသည်းထန်စွာရွာသွန်းပြီး လမ်းမကြီးရေကျော်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်အောင် စနစ်တကျဆောင်ရွက်သွားရန်၊ အမှိုက်များပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းဆောင်ရွက်သွားရန်နှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် လိုအပ်သည့် ရေထုတ်မြောင်းများ စနစ်တကျဖောက်လုပ်သွားရန်မှာကြားခဲ့သည်။
ထွန်းလင်း(ဇေယျာမြေ)