တောင်ကြီး စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေး ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာ ဖူးပွင့်ထက်နှင့် အမျိုးသမီးနှင့်ကလေး ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာ အေးစုစုစံတို့က ကျန်းမာရေးအတွက်လာရာက် ပြသသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆီးချို၊ သွေးချို၊ နှလုံး၊ သွေးတိုး၊ ဝမ်းပျက်ဝမ်းလျှော ရောဂါများနှင့် စပ်လျှဉ်း၍ ဆောင်ရန်/ရှောင်ရန်များကိုလည်းကောင်း၊ အစားအစာ စားသောက်မှုပုံစံ များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများက အသက် (၆၀) နှစ်နှင့်အထက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၈၄) ဦးအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်း၊ နှလုံးရောဂါဆိုင်ရာ စစ်ဆေးပေးခြင်း၊ အခြေခံရောဂါရှာဖွေစမ်းသပ် စစ်ဆေးကုသပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ အခမဲ့ဆောင်ရွက်ပေးပြီး လိုအပ်သော ဆေးဝါးများကို အခမဲ့ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)