မြစ်သား စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် သီလင်ကျေးရွာအုပ်စု၊ ခန္တီးလေး ကျေးရွာနေ တောင်သူ ဦးအောင်ကျော်စိုးစံ၏ (၅)ဧကစိုက် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အောင်နိုင်တိုးစပါးစိုက်ခင်းတွင် မြေသြဇာ ( ၃ : ၁ ) ရောစပ် ကြဲပက်ခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက ပြုလုပ်သည်။
ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးမင်းနိုင်က မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများ ထည့်သွင်းဆောင်ရွက်ရာ၌ သီးနှံပင်၏ သက်တမ်းအလိုက် အသုံးပြုရမည့် မြေဩဇာများအား နှုန်းထားမှန်ကန်စေရေး၊ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် ထိရောက်မှုရှိပြီး အပင်အတွက်အကျိုးဖြစ်ထွန်းစေရေး၊ သဘာဝမြေဩဇာများအချိုးကျရောစပ်၍ အချိန်ကိုက် ကြဲပက် ဆောင်ရွက်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ တက်ရောက်လာသောဒေသခံတောင်သူများက သိလိုသော အကြောင်းအရာများကို မေးမြန်းခဲ့ရာ မြို့နယ်သက်ဆိုင်ရာ တာဝန်ရှိသည့်စိုက်ညှိအဖွဲ့ဝင်များက ဆွေးနွေးဖလှယ်ခဲ့ပြီး ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာနှင့်သဘာဝ မြေဩဇာအချိုးကျရောစပ်ကြဲပက်ခြင်းပညာပေး ကွင်းသရုပ်ပြသသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးမင်းနိုင်နှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ဝင်းမင်းထွန်း(ပြန်/ဆက်)