တာချီလိတ် စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)မယ်ဟုတ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ပထမအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရှေးဦးစွာ အခြေခံပညာဦးစီးဌာန တာချီလိတ်ခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်က အဖွင့်အမှာစကားပြောကြားပြီး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက်က သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြေခံစံနှုန်း ၄ ချက်နှင့် အညွှန်းကိန်း ၁၇ ချက်ပါ အကြောင်းအရာများနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မယ်ဟုတ်ကျောင်းအုပ်ဆရာကြီး ဦးစိုင်းလှိုင်းအောင်နှင့် ဆရာ၊ ဆရာမများက သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို Power Point ဓာတ်ပုံမှတ်တမ်း ဖိုင်များဖြင့် ရှင်းလင်းတင်ပြပြီး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ဝင်များက ကျောင်းဝင်းအတွင်း စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)