ညောင်ရွှေ စက်တင်ဘာ ၂၅
ဒေသစာရီကြွချီလျက်ရှိသည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် ယမန်နေ့တွင် အင်းလေးဒေသ ဟဲယာရွာမဌာနစံကျောင်း၌ ဆက်လက်ပူဇော်ခံ သီတင်းသုံးစံပယ်လျက်ရှိသည်။
ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် အင်းတိန်ကျေးရွာဌာန စံကျောင်းတော်မှ ဟဲယာရွာမဌာနစံကျောင်းတော်သို့ ဓလေ့ထုံးတမ်းများနှင့်အညီ ကြွချီပြီး ဟဲယာရွာမဌာနစံကျောင်းတော်၌ နှစ်ညတာကိန်းဝပ် ပူဇော်ခံခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဟဲယာရွာမစံကျောင်းတော်တွင် ဆရာတော်၊ သံဃာတော်များ၊ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများက ဆွမ်းတော်၊ ရေချမ်းတော်၊ ပန်းတော်၊ ရွှေသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် စက်တင်ဘာ ၂၅ ရက် နံနက် ၇ နာရီတွင် ဟဲယာရွာမစံကျောင်းတော်မှ ငါးဖယ်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ငါးဖယ်ချောင်းဌာန စံကျောင်းတော်သို့ ကြွချီပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ