စစ်တွေ စက်တင်ဘာ ၂၄
(၂၆)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ရခိုင်ပြည်နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေတင်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ကျင်းပ သည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုနှစ်တွင် ယခင်နှစ်များ နည်းတူ ကဗျာလွတ်ယိမ်းနှင့် ရခိုင်တိုင်းရင်းသားရိုးရာယိမ်းတို့အပြင် ဗဟိုမှသတ်မှတ်ထားသည့် တနင်္သာရီတိုင်းဒေသကြီး၏ ထားဝယ်ရိုးရာယိမ်းအကကိုလည်း အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် စစ်တွေတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို လူရွေးချယ်ခဲ့ပြီး ယိမ်းအဖွဲ့(၃)ဖွဲ့ကို သက်ဆိုင်ရာအက နည်းပြများနှင့် လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ထို့ပြင် ရန်ကုန်မြို့နှင့် အခြားဒေသများတွင် ရောက်ရှိနေကြသည့် ရခိုင်တိုင်းရင်းသားပြိုင်ပွဲဝင်များကိုလည်း နည်းပြဆရာများနှင့်တွေ့ဆုံပြီး ပါဝင်ယှဉ်ပြိုင်မည့် ဘာသာရပ်အမျိုးအစားအလိုက် လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ဗဟိုအဆင့်သို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအနေနှင့် မိမိပြည်နယ် မိမိလူမျိုးတို့၏ ဂုဏ်ဆောင်နိုင်ရန် စည်းကမ်းတကျကြိုးစားယှဉ်ပြိုင်ပြီး မိမိတို့၏ ကျန်းမာရေးကိုလည်း အထူးဂရုပြုဆောင်ရွက်ရန်မှာကြားလိုကြောင်းပြောကြားသည်။
ထို့နောက် ရခိုင်တိုင်းရင်းသားရိုးရအကအဖွဲ့မှ သျှင်ဒိုင်ယိမ်းသီချင်းဖြင့်လည်းကောင်း၊ ပြည်နယ်ကိုယ်စားပြု အခြေခံကဗျာလွတ်အကအဖွဲ့ကလည်းကောင်း ကပြဖျော်ဖြေကြပြီး အခြေခံပညာ အသက်(၁၅-၂၀) ကာလပေါ်(အမျိုးသား)၊ အခြေခံပညာ အသက်(၁၀-၁၅) ကာလပေါ်(အမျိုးသမီး)ပြိုင်ပွဲဝင်များ၊ အခြေခံပညာအသက်(၁၅-၂၀) အမျိုးသား(၁)ဦးချင်း၊ အခြေခံပညာအသက်(၁၀-၁၅) အမျိုးသမီးတစ်ဦးချင်း အကပြိုင်ပွဲဝင်များကသီဆိုကပြဖျော်ဖြေ ကြသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များက ထားဝယ်ရိုးရာယိမ်း အကဖြင့်ကပြ ဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က အကအဖွဲ့ဝင်များနှင့် တစ်ဦးချင်းပြိုင်ပွဲဝင်များအား ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် ရခိုင်တိုင်းရင်းသား ရိုးရာတူရိယာများအား လှည့်လည်ကြည့်ရှုကြပြီး ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခုတင် (၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အမှတ်(၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် သီးခြား တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်း နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး သွေးလှူဒါန်းကြသည့်တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား အာဟာရဖြည့်စွက်စာများနှင့် ဆေးဝါးများအား ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် သွေးလှူဒါန်းရာတွင် ဝိုင်းကူညီပေးကြသော ကျန်းမာရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များအား ချီးမြှင့်ငွေများပေးအပ်ကြကြောင်းသိရသည်။
တင်ထွန်း (ပြန်/ဆက်)
ဓာတ်ပုံ- ဝင်းမင်းစိုး