မော်လမြိုင် စက်တင်ဘာ ၂၄
မွန်ပြည်နယ်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လစဉ်ပြည်သူ့ဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း၊ အခမဲ့ဆေးဝါးများနှင့် အခြေခံစားကုန်များ ထောက်ပံ့ခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ယခုအခါမော်လမြိုင်မြို့ ထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတို့တွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသော ဆင်းရဲနွမ်းပါးသော လူနာများအား အခမဲ့ဆေးလှူဒါန်းပေးနိုင်ရန်အတွက် ကုသိုလ်ဖြစ် ဆေးလှူဒါန်းခြင်း၊ ဆေးဆိုင်ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ရက်ရှည်ကုသရ၍ ငွေကြေး အခက်ခဲရှိသော လူနာများအတွက်သာမက အငြိမ်းစားဝန်ထမ်းများအတွက်ပါ များစွာ အထောက်အပံ့ပေးနိုင်မှာ ဖြစ်ကြောင်းအမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် စားသောက် ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ သမားတော်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးကုသပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
၂ဝ၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ နှင့် ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)အသင်းနှင့် ဘိလိယက်နှင့်စနူကာ အသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မွန်ပြည်နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစား သမားများမှ တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြပြီး အသင်းအုပ်ချုပ်သူမှ အမျိုးသမီး ကိုယ်ကာယ လေ့ကျင့်ခန်း(အေရိုးဗစ်)အသင်းနှင့် ဘိလိယက်နှင့်စနူကာအသင်းတို့ အောင်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုနှင့် လေ့ကျင့်သင်ကြားပေးမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရာ ယခုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားအသင်းများ အောင်နိုင်ရေးအတွက် အဖက်ဖက်ကလည်း လိုလေသေး မရှိအောင် ပံ့ပိုးချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ အားကစားသမားများကလည်း ပြည်နယ်ဂုဏ်မြှင့်တင်နိုင်ရေးဆိုသည့် သိန္ဓိဋ္ဌာန်ဖြင့် အားသွန် ခွန်စိုက် ကြိုးစား ယှဉ်ပြိုင် သွားကြရန် တိုက်တွန်းလိုကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အောင်နိုင်ရေးအလံပေးအပ်ခဲ့ပြီး မွန်ပြည်နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) အသင်းနှင့် ဘိလိယက်နှင့် စနူကာအသင်းတို့အား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ပြည်နယ် အမျိုးရေးရာအဖွဲ့နှင့် ဘိလိယက်နှင့် စနူကာအသင်းတို့မှ တာဝန်ရှိသူများက ချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အားကစားသမား များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)