ရန်ကုန် စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဆောင်ရွက်သည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်းနမူနာပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည်ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁)ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂)ခုတို့ကို အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ၁၀၀% ပြည်ပတင်ပို့မည့် ပဲအမျိုးမျိုးနှင့် နှမ်း၊ သန့်စင်ကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲသန့်စင်ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်း၊ Mattress နှင့် Foam အမျိုးမျိုးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်ကာ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၆,၄၇၃.၈၀၅ သန်း (ခြောက်ထောင်လေးရာ ခုနစ်ဆယ့်သုံးဒဿမ ရှစ်သုညငါးသန်း) နှင့် အမေရိကန်ဒေါ်လာ ၄.၆၉၃ သန်း (လေးဒဿမ ခြောက်ကိုးသုံးသန်း) ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၁,၄၆၈ ဦး (တစ်ထောင်လေးရာ ခြောက်ဆယ့်ရှစ်ဦး) အတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်မည့် လုပ်ငန်း (၂) ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၂၄) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)