စဉ့်ကိုင်မြို့နယ်၌ သဘာဝမြေဩဇာနှင့် ယူရီးယား‌မြေဩဇာ အချိုးကျ ရောစပ်ကြဲပက်ခြင်း တောင်သူအသိပညာပေး ကွင်းသရုပ်ပြသ

စဉ့်ကိုင် စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး သဘာဝမြေဩဇာနှင့် ယူရီးယား‌မြေဩဇာ ရောစပ်ကြဲပက်ခြင်းနှင့် တောင်သူအသိပညာပေး ကွင်းသရုပ်ပြသပွဲကို စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီခွဲက အုန်းပင်ခြံကျေးရွာအုပ်စု အုပ်ပင်ခြံကျေးရွာရှိ တောင်သူဦးရဲလွင်၏ ဆင်းသုခ မျိုးစပါး ၅ဧက စိုက်ကွင်းအတွင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသန်းဇော်က  တောင်သူများအား သဘာဝမြေဩဇာနှင့် ယူရီးယားမြေဩဇာ ၃:၁ အချိုးကျကြဲပက်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပြီး ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မြေအသုံးချ‌ရေးတာဝန်ခံ ဒေါ်မို့မို့စိုးက သဘာဝမြေဩဇာနှင့် ယူရီးယားမြေဩဇာ အချိုးကျရောစပ်ပုံအဆင့်ဆင့်ကို လက်တွေ့ပြသပြီး ရောစပ်ကြဲပက်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက သဘာဝမြေဩဇာနှင့် ယူရီးယားမြေဩဇာ အချိုးကျရောစပ်ပြီး စပါးစိုက်ခင်းအတွင်း၌ တောင်သူများလက်တွေ့ ကြဲပက်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကွင်းသရုပ်ပြပွဲသို့ ကျောက်ဆည်ခရိုင် ခရိုင်မြေအသုံးချတာဝန်ခံ ဒေါ်မို့မို့စိုး၊ စဉ့်ကိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦး‌ကျော်ကျော်လင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)(၃၉၉)