သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်

သင်္ဃန်းကျွန်း စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် (၂၄)ရပ်ကွက် သုဝဏ္ဏစစ်ကိုင်းစာသင်တိုက်ဝန်းအတွင်း ယနေ့နံနက်ပိုင်းအချိန်က (၂၄) ရပ်ကွက်၊ ရပ်ကွက်နေပြည်သူများအား သင်္ဃန်းကျွန်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဥ်အား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်စမ်းသပ်မဲပေးခြင်း အခမ်းအနားတွင် သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးမြင့်က ရွေးကောက်ပွဲနှင့် သက်ဆိုင်သည်များ၊ MEVM မဲပေးစက် အသုံးပြုရသည့် အားသာချက်များ၊ ရွေးကောက်ပွဲအား ကာကွယ်ပေးသည့် ဥပဒေ၊ ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်းပြောကြားပြီး သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တာဝန်ရှိသူတစ်ဦးက MEVM မဲပေးစက်ဆိုင်ရာများအား ရှင်းလင်းပြောကြားပြီး ရပ်ကွက်​နေ ပြည်သူများက MEVM မဲပေးစက်တွင် စမ်းသပ်မဲပေး ခဲ့ကြသည်။

အခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောမြိုင်အုံး၊ သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

ဇော်မိုး